zawji

ဇော်ဂျီ

ဇော်ဂျီ (၁၂ ဧပြီ ၁၉၀၇ – ၂၆ စက်တင်ဘာ ၁၉၉၀) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ကဗျာဆရာ၊ ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခ တစ်ဦးဖြစ်သည်။ မြန်မာစာပေ၏ ထင်ရှား​သော စာပေလှုပ်ရှားမှုတစ်ရ​​ပ်ဖြစ်သည့် ခေတ်စမ်းစာပေ လှုပ်ရှားမှုကို သိပ္ပံမောင်ဝ၊ နွယ်စိုး၊ မင်းသုဝဏ် တို့နှင့်အတူ ဦးဆောင်ခဲ့သူလည်းဖြစ်သည်။[၁] ဆရာဇော်ဂျီသည် ကဗျာ၊ ဝတ္ထု၊ ပြဇာတ်၊ ရသစာတမ်း၊ ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေဆိုင်ရာဆောင်းပါးများ၊ဘာသာပြန် စသော စာပေများကို ရေးသားခဲ့သည်။ သူ၏ ပထမဆုံး ခေတ်စမ်းကဗျာ ပိတောက်ပန်း ကို ဟံသာ့ကြေးမုံ လက်ကမ်းစာစောင်တွင် စတင်ဖော်ပြခဲ့သည်။

သူ၏ ထင်ရှားသော လက်ရာများတွင် ပြင်သစ်စာရေးဆရာ မောလျဲ၏ Le bourgeois gentilhomme ပြဇာတ်ကို မှီငြမ်းထားသည့် မဟာဆန်ချင်သူ ပြဇာတ်ဖြစ်ပြီး ၁၉၃၄ ခုနှစ်တွင် တင်ဆက်ခဲ့သည်။[၃] သူ၏ ထင်ရှားသည့် ကဗျာ "ဗေဒါလမ်း"ကို ၁၉၆၃ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။

ဆရာဇော်ဂျီသည် ၁၉၂၉-၃ဝ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ဆရာဇော်ဂျီသည် မိမိ ပညာဆည်းပူးခဲ့ရာ ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ် ၁၉၃၁ ခုနှစ်မှ ၁၉၃၄ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းဆရာလုပ်နေစဉ်မှာပင် ဖျာပုံမြို့၌ ၁၉၃၁ ဇန်နဝါရီလမှစ၍ ထုတ်ဝေခဲ့သော 'မြန်မာ့အာဇာနည်' ဂျာနယ်တွင် ဆရာဇော်ဂျီသည် အယ်ဒီတာအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ သို့သော်လည်း ဂျာနယ် (၇)စောင်မျှသာ ရေးသားထုတ်ဝေနိုင်ခဲ့ပြီး ဖြန့်ချိမှု အခက်အခဲကြောင့် ရပ်ဆိုင်းခဲ့ရသည်။ မြို့မကျောင်း ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဆရာဇော်ဂျီသည် ဝိုင်အမ်ဘီအေ အသင်းကြီးက ကြီးမှူးကျင်းပသော ဟောပြောပွဲတွင် အင်္ဂလိပ်ဘာသာဖြင့် စာပေဝေဖန်ရေး စာတမ်းတစ်စောင် ဖတ်ကြားတင်သွင်းခဲ့သည်။ စာဆိုဝန်ကြီးပဒေသရာဇာနှင့် စိန္တကျော်သူ ဦးဩ တို့အကြောင်း ဖြစ်သည်။ စာတမ်းအမည်မှာ Eighteenth Century Poets in Burma ဖြစ်သည်။ စာတမ်း တင်သွင်းသော ခုနှစ်မှာ ၁၉၃၂ ခု ဩဂုတ်လ ၂၈ ရက် ဖြစ်သည်။ သဘာပတိမှာ ဆရာကြီး ဦးလူဖေဝင်း ဖြစ်သည်။ ထိုစာတမ်းကို ရန်ကုန်တိုင်းမ် (Rangoon Time) အင်္ဂလိပ်ဘာသာ သတင်းစာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ထိုစာတမ်းကို ဖတ်မိသော ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခရုခ်က အလွန် နှစ်သက်သဘောကျ၍ ဆရာဇော်ဂျီကို ခေါ်ယူကာ မဟာဝိဇ္ဇာတန်းတက်ရန် တိုက်တွန်းခဲ့လေသည်။ သို့ဖြင့် ဆရာဇော်ဂျီသည် ၁၉၃၄ ခုနှစ်တွင် မြို့မကျောင်းမှထွက်၍ မဟာဝိဇ္ဇာတန်းတွင် အင်္ဂလိပ်စာပေနှင့် မြန်မာစာပေ နှစ်ဘာသာ (Double Literature) ယူကာ ၁၉၃၆ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရခဲ့သည်။

ဆရာဇော်ဂျီသည် အသက် (၈၃) နှစ် အရွယ် ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် နေထိုင်ရာ ရန်ကုန်မြို့ ဗဟန်း မြို့နယ် ကမ္ဘောဇလမ်း အမှတ် (၁ဝ-က) နေအိမ်တွင် ကွယ်လွန် ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စောရင်၊ သမီးများဖြစ်သော ဒေါက်တာခင်မျိုးဟန်၊ ဒေါက်တာခင်လှဟန်နှင့် ဒေါက်တာခင်အုန်းဟန်တို့ ကျန်ရစ်သည်။ ဆရာဇော်ဂျီ၏ မိသားစု၊ တပည့်များနှင့် လုပ်ဖော်ကိုင်ဖက်များက "ဇော်ဂျီဆု" နှင့် "ဂန္ဓလောကသိင်္ခဟဆု" တို့ကို စာကြည့်တိုက်နှင့် အချက်အလက်ပညာ ထူးချွန်သော ဒီပလိုမာနှင့် မာစတာကျောင်းသားများကို ချီးမြှင့်လေ့ရှိသည်။

Book Cover

ဗေဒါ

by ဇော်ဂျီ

Book Cover

မဟာဆန်ချင်သူ

by ဇော်ဂျီ